Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Thursday, July 11, 2013

Telenor ဆင်းကဒ်တစ်မိနစ် ဖုန်းခေါ်ခ ၂၅ ကျပ်၊ Ooredoo ဆင်းကဒ် တစ်မိနစ် ၄၅ ကျပ်ကျမည်


တင်ဒါအောင်ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူးတို့က ၎င်းတို့၏ ဝန်ဆောင်မှုပေးမည့် တယ်လီဖုန်းခေါ်ဆိုခ နှုန်းထားများကို ဇူလိုင် လ ၁၀ ရက်နေ့တွင် တရားဝင် ထုတ်ပြန်လိုက်ရာ ကုမ္ပဏီနှစ်ခုလုံးက ဆင်းကတ် တစ်ကတ်လျှင် ၁၅၀၀ ကျပ် သတ်မှတ်လိုက်ပြီး တစ်မိနစ် ဖုန်းခေါ်ခများကို တယ်လီနောက ၂၅ ကျပ်နှင့်အော်ရီဒူးက ၄၅ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သတ်မှတ်ကြေညာလိုက်သည်။ 

တင်ဒါအောင်ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍နေပြည်တော်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ရှင်းလင်း ပြောကြားခြင်း ဖြစ်သည်။

နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီက ဆင်းကတ်တန်ဖိုး ၁၅၀၀ ကျပ်နှင့် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့သည်။ 

ကာတာဆက်သွယ်ရေး ကုမ္ပဏီအော်ရီဒူးကလည်း ဆင်းကတ်တစ်ခု တန်ဖိုးကို ၁၅၀၀ ကျပ် သတ်မှတ်ထားပြီး ဖုန်းခေါ်ဆိုခများကို တစ်မိနစ် ၄၅ ကျပ်ထက် မကျော်ဘဲ သုံးစွဲခွင့်ပြုသွားမည်ဟု ဆိုသည်။

တယ်လီနောသည် ငါးနှစ်အတွင်း မိုဘိုင်းလ်ကွန်ရက်အတွင်း Voice (ဖုန်းပြောဆိုမှု) မြန်မာနိုင်ငံတစ်ဝှမ်း ၈၃ ရာခိုင်နှုန်းနှင့် Data(အချက်အလက်ပေးပို့မှု)မြန်မာနိုင်ငံတစ်ဝှမ်း ၈၇ ရာခိုင်နှုန်း အသုံးပြုနိုင် မည်ဖြစ်ကာ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ဒုတိယနှစ်ဝက်တွင် စတင်အသုံးပြု ခွင့်ပြုသွားမည်ဟု ဆိုသည်။

တယ်လီနောကုမ္ပဏီက ပထမငါးနှစ်အတွင်း ကုမ္ပဏီမှ တရားဝင် ဖွင့်လှစ်မည့် အရောင်းဌာန ခုနစ်သောင်းနှင့် လက်ခွဲဆိုင်ပေါင်း ကိုးသောင်းခွဲခန့်အထိ ဖွင့်လှစ်ထားရှိသွားမည်ဖြစ်ကာ မိုဘိုင်းလ် ငွေပေးချေမှုများ၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ စိုက်ပျိုးရေးကဏ္ဍများအတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

အော်ရီဒူးက လုပ်ငန်းစတင်ပြီး ငါးနှစ်ကာလအတွင်း Data နှင့် Voice အသုံးပြုမှု ၈၄ ရာခိုင်နှုန်း အထိရောက်ရောက် ရှိစေရန်ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး SIM Card အရောင်း ဌာနနှစ်သိန်းလေးသောင်းနှင့် လက်ခွဲအရောင်းဌာန လက်ခွဲ ခုနစ်သိန်းနှစ်သောင်းအထိ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

အော်ရီဒူး၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်အသုံးပြုနိုင်မည့် အချိန်ကိုမူ ယခုထိ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် သီးနှံဈေးနှုန်း၊ ရာသီဥတု၊ ကုန်ပစ္စည်း အငှားဝန်ဆောင် မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အပြင် အင်တာနက်အသုံးပြုမှု အဆင်ပြေစေရန် Tele Center ၁၀,၀၀၀ ကိုနိုင်ငံအနှံ့အပြားတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းအော်ရီဒူးထံမှ သိရှိရသည်။ လူမှု တာဝန်သိမှု အစီအစဉ် (Corporate Social Responsibility) အတွက် ၁၀ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၆၀ အသုံးပြုသွားမည် ဖြစ်ကာ နိုင်ငံတစ်ဝန်းရှိ အထက်တန်း၊ အလယ်တန်း၊ ဆေးရုံ၊ တက္ကသိုလ်နှင့် စာကြည့်တိုက်များကို အင်တာနက်ကွန်ရက် လွှမ်းခြုံစေမည်ဟု အော်ရီဒူးက ထုတ်ပြန်ခဲ့သည်။


ပြည်တွင်းဝန်ထမ်း ၉၉ ဒသမ ၉ ရာခိုင်နှုန်း ခန့်အပ်သွားမည်ဖြစ်ကာ 4G ကွန်ရက် ရရှိရန် ဆောင်ရွက်သွားမည်ဟု အဆိုပါကုမ္ပဏီမှ အာရှပစိဖိတ်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ross Cormack ကပြောကြားသည်။

လက်ရှိ CDMA မိုဘိုင်းလ်ဖုန်း သုံးစွဲနေသူတစ်ဦးဖြစ်သည့် ဦးကျော်ကျော်လင်းက “ဘယ်လိုပဲဖြစ်ဖြစ် ကောင်းပါတယ်။ တယ်လီနောကိုတော့ အရင်ကတည်းက သဘောကျနေတာ အခုသူက ဈေးပို သက်သာတော့ သူ့ကိုပဲသုံးဖြစ်မယ်” ဟု မှတ်ချက်ပေးသည်။

တယ်လီနောကုမ္ပဏီသည် 2G စနစ် စတင်သုံးစွဲ ခွင့်ပြုသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်မူ 3G စနစ် မိုဘိုင်းလ်ဝန်ဆောင်မှုများပေးအပ်သွားမည်ဖြစ်သည်။အော်ရီဒူးကုမ္ပဏီကမူစတင်ဝန်ဆောင်မှု ပေးအပ်စဉ်ကာလတွင် 3G စနစ်စတင်သုံးစွဲ ခွင့်ပြုသွားမည်ဖြစ်ကာ နောက်ပိုင်းတွင် 4G စနစ် အသုံးပြုခွင့် ပြုသွားမည်ဟု ဆိုထားသည်။

နိုင်ငံတကာမှ စိတ်ဝင်စားနေသည့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် အတွက် နော်ဝေအခြေစိုက် တယ်လီနောနှင့် ကာတာနိုင်ငံမှ အော်ရီဒူး ကုမ္ပဏီတို့ကို လိုင်စင် ချထားပေးခဲ့ပြီး နှစ်ပတ်အကြာ တရားဝင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မည်သူနှင့်မျှ ယှဉ်ပြိုင်စရာမလိုဘဲ အလိုအလျောက် လုပ်ပိုင်ခွင့် ရထားသည့် မြန်မာတယ်လီကွန်းနှင့် ရတနာပုံ တယ်လီကွန်းတို့ကမူ ၎င်းတို့ပေးအပ်မည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

Posted By: သက်နိုင်စိုး (MMAS)
Ref & Credit : The Voice Weekly

No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget